YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇေဖနိအနာဂတ္တိကျမ်း 3

3
နိုင်ထက်စီးနင်းပြုသောဂျေရုဆလင်မြို့သည် အမင်္ဂလာရှိ၏
1ပုန်ကန်​တတ်​သော​မြို့​၊ ညစ်ညူး​သော​မြို့​၊ နိုင်ထက်စီးနင်း​ပြု​တတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ 2ထို​မြို့​သည် အသံ​တော်​ကို နား​မ​ထောင်​၊ ဆုံးမပဲ့ပြင်​ခြင်း​ကို မ​ခံယူ​၊ ထာဝရဘုရား​ကို မ​ကိုးစား​၊ ဘုရားသခင်​ထံ မ​ဆည်းကပ်​သော​မြို့​ဖြစ်​၏​။ 3ထို​မြို့​၏​အကြီးအကဲ​တို့​သည် ဟိန်းဟောက်​သော​ခြင်္သေ့​များ​နှင့် တူ​၏​။ တရားသူကြီး​တို့​သည် နေဝင်ချိန်​ရောက်​မှ အစာ​ရှာ​၍ နံနက်​တိုင်အောင် ဘာမျှ​မ​ချန်​ဘဲ စား​တတ်​သော​ဝံပုလွေ​များ​နှင့်​တူ​၏​။ 4ပရောဖက်​တို့​သည် တာဝန်မဲ့​သော​သစ္စာဖောက်​များ ဖြစ်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း ပညတ်တရား​ကို ချိုးဖောက်​၍ သန့်ရှင်းရာဌာန​တော်​ကို ညစ်ညူး​စေ​ကြ​ပြီ​။ 5ထို​မြို့​တွင် စံနေ​တော်မူ​သော​ထာဝရဘုရား​မူကား မတရားမှု​ကို မ​ပြု​၊ ဖြောင့်မတ်​တော်မူ​သော​ဘုရား​ဖြစ်​၏​။ နံနက်​အရုဏ်လင်းချိန်​တိုင်း​တွင် မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို မ​ပျက်​မ​ကွက်​ဖော်ပြ​တော်မူ​၏​။ သို့သော် မတရား​သော​သူ​သည် ရှက်ကြောက်​ရ​မည်​ကို မ​သိ​ပါတကား​။ 6“လူမျိုးတကာ​တို့​ကို ငါ​ပယ်ရှင်း​ပြီ​။ သူ​တို့​၏​မျှော်စင်​များ ပျက်စီး​လေ​ပြီ​။ လမ်း​တို့​ကို​လည်း ခြောက်ကပ်​စေ​ပြီ​ဖြစ်၍ ဖြတ်သန်းသွားလာ​သော​သူ​မ​ရှိ​။ မြို့​များ​ကို​လည်း ဖျက်ဆီး​ပစ်​ပြီ​ဖြစ်၍ နေထိုင်​သူ​တစ်ဦး​မျှ​မ​ရှိ​ပေ​။ 7ငါ​က ‘​သင်​သည် ငါ့​ကို​ကြောက်ရွံ့​လိမ့်မည်​၊ ငါ​၏​ဆုံးမစကား​ကို နာခံ​လိမ့်မည်၊ ထို့ကြောင့် သင့်​ကို တစ်ခုမျှ​ဒဏ်​မ​ခတ်​၊ သင့်​နေရာ​ကို မ​ဖျက်ဆီး’​ဟု ဆို​သော်လည်း စင်စစ် သူ​တို့​၏​အပြုအမူ​များ​မှာ ပိုမို​ဆိုးဝါး​လာ​၏​။ 8ထို့ကြောင့် ငါ​ထ​၍ လုယက်​တိုက်ခိုက်​မည့်​နေ့​ကို စောင့်​နေ​လော့​။ အကယ်စင်စစ် ငါ​သည် တိုင်းနိုင်ငံ​အရပ်ရပ်​မှ လူမျိုးတကာ​တို့​ကို ခေါ်ယူ​စုစည်း​ပြီး တရားစီရင်​မည်​။ ပြင်းထန်​သော ငါ့​အမျက်​၊ ငါ့​ဒေါသမီး​အလုံးအရင်း​ကို သူ​တို့​အပေါ်​သို့​သွန်ချ​မည်​။ ငါ့​ဒေါသ​မီး​အရှိန်​ကြောင့် မြေ​တစ်ပြင်လုံး​လောင်ကျွမ်း​သွား​လိမ့်မည်​။
နောက်ဆုံးတွင် ပြန်လည်စုစည်းမည်ဟု ကတိပေးခြင်း
9လူ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​လျက် တစ်စိတ်တစ်သဘောတည်း​ဖြင့် ဝတ်ပြု​နိုင်​ရန် ငါ​သည် သူ​တို့​အား သန့်ရှင်း​သော​နှုတ်​ကို ပြန်ပေး​မည်​။ 10အီသီယိုးပီးယား​မြစ်​တစ်ဖက်ကမ်း​ရှိ ငါ့​ကို​ဝတ်ပြုကိုးကွယ်သူ​များ​ဖြစ်​သည့် ကွဲလွင့်​နေ​သော​ငါ့​လူမျိုး​တော်​သမီးပျို​များ​သည် ငါ့​အဖို့ ဘောဇဉ်ပူဇော်သက္ကာ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်​။ 11ထို​နေ့ရက်​တွင် ငါ့​ကို သင်​ပုန်ကန်​ခဲ့​သော​အမှု​အလုံးစုံ​ကြောင့် သင်​အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​။ သင့်​အထဲ​ရှိ အပျော်အပါး​လိုက်စား​ခြင်း​၊ မာနထောင်လွှား​ခြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ ထို့ကြောင့် ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​တွင် ဘဝင်မြင့်​ခြင်း​များ ရှိ​တော့​မည်​မ​ဟုတ်​။ 12အဖိနှိပ်​ခံရ​သူ​များ​၊ ဆင်းရဲသား​များ​ကို သင့်​ထံ​တွင် ငါ​ချန်ထား​မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ခိုလှုံ​ကြ​လိမ့်မည်​။ 13ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​တို့​သည် မတရားမှု​ကို​မ​ပြု​၊ လိမ်လည်​၍​မ​ပြော​၊ သူ​တို့​နှုတ်​၌ လှည့်စား​တတ်​သော​လျှာ​လည်း ရှိ​မည်​မ​ဟုတ်​။ သူ​တို့​သည် ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ စားသောက်​လျက်​၊ လဲလျောင်း​လျက် နေ​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 14အို ဇိအုန်​သမီးပျို​၊ သီချင်းဆို​လော့​။ အို အစ္စရေး​လူမျိုး​၊ ကြွေးကြော်​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ စိတ်နှလုံး​အကြွင်းမဲ့​ဝမ်းမြောက်​ရွှင်လန်း​လော့​။ 15ထာဝရဘုရား​သည် သင်​ခံရ​မည့်​အပြစ်ဒဏ်​များ​ကို ပယ်ရှား​လိုက်​ပြီ​။ ရန်သူ​တို့​ကို​လည်း သင့်​ထံမှ ပြန်လှည့်​သွား​စေ​ပြီ​။ အစ္စရေး​ဘုရင်​ထာဝရဘုရား​သည် သင့်​အလယ်​တွင် ရှိ​နေ​သည်​ဖြစ်၍ သင်​သည် ဘေးအန္တရာယ်​ကို ကြောက်​ရ​တော့​မည်​မ​ဟုတ်​။ 16ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​အား “​မ​ကြောက်​နှင့်​၊ ဇိအုန်​မြို့​၊ လက်ပန်း​မ​ကျ​နှင့်​။ 17သင်​၏​ဘုရားသခင် ထာဝရဘုရား​သည် သင့်​အလယ်​တွင်​ရှိ​၍ အားကြီး​သော​အရှင်​သည် သင့်​ကို ကယ်တင်​လိမ့်မည်​။ ကိုယ်တော်​သည် သင်​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​လိမ့်မည်​။ ချစ်​သော​စိတ်​ဖြင့် ငြိမ်ဝပ်​စွာ​နေ​လိမ့်မည်​။ သင်​နှင့်အတူ ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်”​ဟု ဆို​လိမ့်မည်​။
18“သတ်မှတ်​ထား​သော​ပွဲတော်​ကြောင့် ဝမ်းနည်း​နေ​ရ​၍ သင်​၏​ကဲ့ရဲ့​ခြင်း​ဝန်​ကို​လည်း ထမ်း​နေ​ရ​သော​သူ​တို့​ကို ငါ​စုဝေး​မည်​။ 19သင့်​အား နှိပ်စက်​ခဲ့​သော​သူ​အပေါင်း​တို့​ကို ထို​နေ့ရက်​တွင် ငါ​စီရင်​မည်​။ ခြေမသန်သူ​တို့​ကို ငါ​ကယ်တင်​မည်​။ နှင်ထုတ်​ခံရ​သူ​တို့​ကို ပြန်လည်​စုစည်း​၍ သူ​တို့​အရှက်ရ​ခဲ့​သော​ပြည်​အသီးသီး​တို့​၌ သူ​တို့​ကို အချီးမွမ်း​ခံရ​သူ​များ​၊ ကျော်ကြား​သူ​များ ဖြစ်စေ​မည်​။ 20ထို​အချိန်​၌ သင်​တို့​ကို ငါ​ဆောင်​ခဲ့​မည်​။ ထို​အချိန်​၌ သင်​တို့​ကို ငါ​စုစည်း​မည်​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို သင်​တို့​ရှေ့​သို့ ပြန်လာ​စေ​မည်​။ ကမ္ဘာလောက​သား​တို့​အလယ်​တွင် သင်​တို့​ကို ငါ​ချီးမြှောက်​၍ ဂုဏ်သရေ​ရှိ​စေ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဇေဖနိအနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။