YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 9

9
ဉာဏ်ပညာ၏လမ်းစဉ်
1ဉာဏ်ပညာ​သည် မိမိ​အိမ်​ကို တည်ဆောက်​လေ​ပြီ​။
တိုင်​ခုနစ်​တိုင်​ကို​စိုက်ထူ​လေ​ပြီ​။
2မိမိ​တိရစ္ဆာန်​ကို​သတ်​လေ​ပြီ​။ စပျစ်ဝိုင်​ကို​ရောစပ်​၍
စားပွဲ​ကို​တည်ခင်း​လေ​ပြီ​။
3မိမိ​အစေခံ​မိန်းကလေး​များ​ကို​စေလွှတ်​ပြီး
မြို့​၏​အမြင့်ဆုံးနေရာ​များ​မှ​နေ​၍
4“​အသိဉာဏ်​နည်းပါး​သော​သူ​မည်သူမဆို
ဤ​နေရာ​သို့​လှည့်လာ​ပါစေ​”​ဟု ဟစ်ခေါ်​၏​။
အသိစိတ်​မ​ရှိ​သော​သူ​အား​လည်း
5“​လာ​လော့​။ ငါ့​မုန့်​ကို​စား​၍
ငါ​ရောစပ်​ထား​သော​စပျစ်ဝိုင်​ကို သောက်​လော့​။
6အသိဉာဏ်​နည်းပါး​ခြင်း​ကို​စွန့်ပယ်​၍ အသက်ရှင်​လော့​။
အသိဉာဏ်​လမ်း​ကို​လိုက်​လော့​”​ဟု ဆို​၏​။
7ပြက်ရယ်​ပြု​တတ်​သော​သူ​ကို ပဲ့ပြင်​သော​သူ​သည် အရှက်ခွဲခြင်း​ကို​ခံရ​၍
ဆိုးယုတ်​သော​သူ​ကို ဆုံးမ​သော​သူ​သည် ကိုယ်တိုင် အနာတရ​ဖြစ်​လိမ့်မည်​။
8ပြက်ရယ်​ပြု​တတ်​သော​သူ​ကို မ​ဆုံးမ​နှင့်​။
ဆုံးမ​လျှင် သူ​သည် သင့်​ကို​မုန်း​လိမ့်မည်​။
ပညာရှိ​သော​သူ​ကို ဆုံးမ​လော့​။
သို့ပြုလျှင် သူ​သည် သင့်​ကို​ချစ်​လိမ့်မည်​။
9ပညာရှိ​သော​သူ​အား ပညာ​ကို​ပေး​လော့​။
သို့ပြုလျှင် သူ​သည် ပို၍​ပညာရှိ​လာ​လိမ့်မည်​။
ဖြောင့်မတ်​သော​သူ​ကို သွန်သင်​လော့​။
သို့ပြုလျှင် သူ​သည် ပညာ​တိုးပွား​လိမ့်မည်​။
10ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​၏​မူလအစ​ဖြစ်​၏​။
သန့်ရှင်း​သော​အရှင်​ကို​သိ​သော​ဉာဏ်​သည် အသိဉာဏ်​ဖြစ်​၏​။
11အကြောင်းမူကား ဉာဏ်ပညာ​အားဖြင့် သင်​၏​နေ့ရက်​တို့​သည် များပြား​၍
သင့်​အသက်တာ​၏​နှစ်ကာလ​တို့​သည် ထပ်တိုး​လာ​လိမ့်မည်​။
12သင်​သည် ဉာဏ်ပညာရှိ​လျှင် ထို​ဉာဏ်ပညာရှိ​ခြင်း​သည် သင့်​အတွက်​ဖြစ်​၏​။
သင်​သည် ပြက်ရယ်​ပြု​လျှင် သင်​သာ ခံရ​လိမ့်မည်​။
13မိုက်မဲ​သော​မိန်းမ​သည် အာကျယ်​၍
ဉာဏ်တိမ်​ပြီး မည်သည့်​အရာ​ကို​မျှ​မ​သိ​တတ်​။
14သူ​သည် မိမိ​၏​အိမ်​တံခါးဝ​၌​လည်းကောင်း​၊
မြို့​၏​မြင့်သောအရပ်​ရှိ​ထိုင်ခုံ​ပေါ်၌​လည်းကောင်း ထိုင်​လျက်
15လမ်း​၌​ဖြတ်သန်းသွားလာ​သော​သူ​များ​၊
မိမိ​တို့​လမ်းခရီး​ကို ဖြောင့်တန်း​စွာ​သွား​နေ​သော​သူ​များ​အား
16“​အသိဉာဏ်​နည်းပါး​သော​သူ​မည်သူမဆို ဤ​နေရာ​သို့​လှည့်လာ​ပါစေ​”​ဟု ဟစ်ခေါ်​၏​။
အသိစိတ်​မ​ရှိ​သော​သူ​အား​လည်း
17“​ခိုး​သောက်​သော​ရေ​သည် ချို​၍
ဝှက်​စား​သော​မုန့်​သည် အရသာ​ရှိ​၏​”​ဟု ဆို​၏​။
18သို့ရာတွင် ထို​အရပ်​၌ သေသူ၏ဝိညာဉ်​များ​ရှိ​ကြ​သည်​ကို​လည်းကောင်း​၊
ထို​မိန်းမ​၏​ဧည့်သည်​များ​သည် မရဏာနိုင်ငံ​၏​နက်​ရာ​အရပ်​များ​၌ ရှိ​ကြ​သည်​ကို​လည်းကောင်း
ထို​သူ​မ​သိ​ချေ​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။