YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 3

3
ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်း
1ငါ့​သား​၊ ငါ​၏​သွန်သင်ချက်​ကို မ​မေ့လျော့​နှင့်​။
ငါ​၏​ပညတ်ချက်​တို့​ကို​လည်း သင်​၏​စိတ်နှလုံး​သည် ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။
2အကြောင်းမူကား ၎င်း​တို့​သည် အသက်ရှည်​ခြင်း​၊
အသက်တာ​၏​နှစ်ကာလ​နှင့် ငြိမ်းချမ်းမှု​ကို သင်​၌ ထပ်ဖြည့်​ပေး​လိမ့်မည်​။
3မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို သင့်​ထံမှ​စွန့်ခွာ​မ​သွား​စေ​နှင့်​။
၎င်း​တို့​ကို သင်​၏​လည်ပင်း​၌​ဆွဲ​ထား​၍ သင့်​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။
4ထိုသို့​ပြု​လျှင် သင်​သည် ဘုရားသခင်​ရှေ့​၊ လူ​တို့​ရှေ့​၌​မျက်နှာရ​၍
ကောင်း​သော​ဉာဏ်စွမ်း​နှင့်​ပြည့်စုံ​လိမ့်မည်​။
5ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။
မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။
6သင်​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​၌ ကိုယ်တော်​ကို မျက်မှောက်ပြု​လော့​။
သို့ပြုလျှင် ကိုယ်တော်​သည် သင်​၏​လမ်းခရီး​တို့​ကို ဖြောင့်တန်း​စေ​တော်မူ​လိမ့်မည်​။
7ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။
ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။
8ထိုသို့​ပြု​ခြင်း​သည် သင်​၏​ကိုယ်ခန္ဓာ#3:8 တိုက်ရိုက်ပြန်ဆိုလျှင် “ချက်”။​ကို ကျန်းမာ​စေ​၍
သင်​၏​အရိုး​တို့​ကို သန်စွမ်း​စေ​လိမ့်မည်​။
9သင်​၏​စည်းစိမ်ဥစ္စာ​နှင့် သင်​ရရှိ​သမျှ​သော​အသီးအနှံ​၏​အသီးဦး​ဖြင့်
ထာဝရဘုရား​ကို​ဂုဏ်ပြုချီးမွမ်း​လော့​။
10သို့ပြုလျှင် သင်​၏​ကျီ​တို့​သည် ပြည့်နှက်​လျှံကျ​လျက်
သင်​၏​စပျစ်သီးနယ်ရာကျင်း​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ပြည့်လျှံ​လိမ့်မည်​။
11ငါ့​သား​၊ ထာဝရဘုရား​၏​ဆုံးမပဲ့ပြင်​တော်မူ​ခြင်း​ကို အလေးမထား​ဘဲ​မ​နေ​နှင့်​။
ကိုယ်တော်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ​၌​လည်း စိတ်​မ​ပျက်​နှင့်​။
12အကြောင်းမူကား ဖခင်​သည် နှစ်သက်​သော​သား​ကို ဆုံးမ​တတ်​သကဲ့သို့
ထာဝရဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​တော်မူ​၏​။#ဟေဗြဲ 12:6၊ ဗျာ 3:19။
ဉာဏ်ပညာပေးသောအကျိုးကျေးဇူး
13ဉာဏ်ပညာ​ကို​တွေ့ရှိ​သော​သူ​နှင့် ထိုးထွင်းဉာဏ်​ကို​ရရှိ​သော​သူ​သည်
မင်္ဂလာ​ရှိ​၏​။
14အကြောင်းမူကား ဉာဏ်ပညာ​မှ​ရရှိ​သော​အကျိုးအမြတ်​သည်
ငွေ​မှ​ရရှိ​သော​အကျိုးအမြတ်​ထက် ပို၍​ကောင်း​၏​။
၎င်း​၏​အမြတ်အစွန်း​သည်​လည်း ရွှေ​ထက် ပို၍​ကောင်း​၏​။
15ဉာဏ်ပညာ​သည် ပတ္တမြား​ထက်​အဖိုးတန်​၍
သင်​နှစ်သက်​သော​မည်သည့်​အရာ​နှင့်​မျှ နှိုင်းယှဉ်​၍​မ​ရ​နိုင်​။
16၎င်း​၏​လက်ယာ​လက်​၌ အသက်​ရှည်​ခြင်း​၊
လက်ဝဲ​လက်​၌ ဓနဥစ္စာ​နှင့် ဂုဏ်သရေ​ရှိ​၏​။
17ဉာဏ်ပညာ​၏​လမ်း​များ​သည် နှစ်လို​ဖွယ်​သော​လမ်း​များ​ဖြစ်​ကြ​ပြီး
၎င်း​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ငြိမ်းချမ်း​ကြ​၏​။
18ဉာဏ်ပညာ​သည် ၎င်း​ကို​ဆုပ်ကိုင်​ထား​သော သူ​တို့​အတွက် အသက်​ပင်​သဖွယ်​ဖြစ်​၏​။
၎င်း​ကို​စွဲကိုင်​ထား​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။
19ထာဝရဘုရား​သည် ဉာဏ်ပညာ​အားဖြင့် မြေကြီး​ကို​တည်​၍
ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို မြဲမြံ​စေ​တော်မူ​၏​။
20ကိုယ်တော်​၏​အသိပညာ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​တို့​သည် ပေါက်ထွက်
၍ မိုးတိမ်​တို့​သည် နှင်း​ကို​တဖွဲဖွဲကျ​စေ​၏​။
21ငါ့​သား​၊ မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​နှင့် အလိမ္မာဉာဏ်​ကို​ထိန်းသိမ်းစောင့်ရှောက်​လော့​။
၎င်း​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။
22သို့ပြုလျှင် ၎င်း​တို့​သည် သင်​၏​စိတ်ဝိညာဉ်​အတွက် အသက်​ဖြစ်​ပြီး
သင်​၏​လည်ပင်း​အတွက် တင့်တယ်​သော​တန်ဆာ​ဖြစ်​လိမ့်မည်​။
23ထိုအခါ သင်​သည် သင်​၏​လမ်းခရီး​တွင် ဘေးကင်းလုံခြုံ​စွာ​သွားလာ​ရ​၍
သင်​၏​ခြေ​သည် ခလုတ်တိုက်​လိမ့်မည်​မ​ဟုတ်​။
24သင်​အိပ်​သောအခါ ကြောက်ရွံ့​ခြင်း​မ​ရှိ​ရ​။
သင်​အိပ်​သောအခါ နှစ်ခြိုက်​စွာ​အိပ်စက်​ရ​လိမ့်မည်​။
25ရုတ်တရက်​ကျရောက်​တတ်​သော ကြောက်မက်ဖွယ်ဘေး​ကို​လည်းကောင်း​၊
ဆိုးယုတ်​သော​သူ​တို့​အပေါ်​ကျရောက်​တတ်​သော ဖျက်ဆီး​ခြင်း​ဘေး​ကို​လည်းကောင်း
ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်​။
26အကြောင်းမူကား ထာဝရဘုရား​သည် သင်​ယုံကြည်အားထား​ရာ​ဖြစ်​၍
သင်​၏​ခြေ​ကို ကျော့ကွင်း​၌​မ​မိ​စေရန် စောင့်ထိန်း​တော်မူ​လိမ့်မည်​။
သူတစ်ပါးအပေါ် တရားမျှတစွာပြုမူခြင်း
27သင့်​လက်​ထဲ၌ ကောင်းကျိုး​ပြု​နိုင်စွမ်း​ရှိ​လျက်​နှင့်
ထို​ကောင်းကျိုး​ကို​ခံထိုက်​သော​သူ​တို့​အား မပြု​ပေး​ဘဲ​မ​နေ​နှင့်​။
28သင်​၌​အဆင်သင့်​ရှိ​လျက်​နှင့် သင်​၏​အိမ်နီးချင်း​အား
“​သွား​လော့​။ နောက်တစ်ဖန်​ပြန်လာ​လော့​။ မနက်ဖြန်​မှ ငါ​ပေး​မည်​”​ဟု မ​ပြော​နှင့်​။
29သင့်​အနီး​တွင် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​သော သင်​၏​အိမ်နီးချင်း​အပေါ်
မကောင်းမှု​ပြု​ရန် တွေးတော​ကြံစည်​ခြင်း​မ​ရှိ​နှင့်​။
30သင့်​အပေါ် မကောင်းမှု​မ​ပြု​သော​သူ​ကို အကြောင်းမဲ့​ရန်​မ​တွေ့​နှင့်​။
31ရက်စက်ကြမ်းကြုတ်​သော​သူ​ကို​မ​ငြူစူ​နှင့်​။
သူ​ပြုမူကျင့်ကြံ​သော​အမှုအရာ​တစ်စုံတစ်ခု​ကို​မျှ မ​ရွေးချယ်​နှင့်​။
32အကြောင်းမူကား သွေဖည်​လွဲမှား​သော​သူ​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
ဖြောင့်မှန်​သော​သူ​တို့​နှင့်​ကား ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။
33ထာဝရဘုရား​၏​ကျိန်​ခြင်း​သည် ဆိုးယုတ်​သော​သူ​၏​အိမ်​ပေါ်သို့​သက်ရောက်​၏​။
သို့သော် ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​ကို ကောင်းချီးပေး​တော်မူ​၏​။
34ကိုယ်တော်​သည် ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​ကို ပြက်ရယ်​ပြု​တော်မူ​၏​။
စိတ်နှိမ့်ချ​သော​သူ​တို့​ကို​ကား ကျေးဇူး​တော်​ခံစား​စေ​တော်မူ​၏​။#မ 23:12၊ လု 14:11၊ 18:14၊ ယာ 4:6၊ ၁ပေ 5:5။
35ပညာရှိ​သော​သူ​တို့​သည် ဂုဏ်သရေ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။
မိုက်မဲ​သော​သူ​တို့​မူကား အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။