YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 9

9
1ထို့နောက် ကိုယ်တော်​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် တန်ခိုး​နှင့်​ပေါ်ထွန်း​လာ​သော ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။
အဆင်းသဏ္ဌာန်ပြောင်းလဲတော်မူခြင်း
2ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို​သာ​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍ 3ဝတ်ရုံ​တော်​သည် ကမ္ဘာ​မြေကြီး​ပေါ်​ရှိ မည်သည့်​ခဝါသည်​မျှ ထိုကဲ့သို့​ဖြူဖွေး​စေရန် မ​ဖွပ်​နိုင်​လောက်အောင် အလွန်​ဖြူဖွေး​တောက်ပ​လာ​လေ​၏။ 4ဧလိယ​နှင့်​မောရှေ​တို့​သည်​လည်း သူ​တို့​ရှေ့တွင်​ပေါ်လာ​၍ ယေရှု​နှင့်​စကား​ပြော​နေ​ကြ​၏။ 5ထိုအခါ ပေတရု​က “ရဗ္ဗိ၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု ယေရှု​အား​လျှောက်​ထား​လေ​၏။ 6သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​သဖြင့် ပေတရု​သည် မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​သောကြောင့် ထိုသို့​လျှောက်​ထား​ခြင်း​ဖြစ်​၏။
7ထိုအခါ မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​ပြီးလျှင် “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​စကား​ကို​နားထောင်​ကြ​လော့”​ဟု မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၏။
8ထို​ခဏချင်း​တွင် သူ​တို့​သည် ပတ်ပတ်လည်​သို့​ကြည့်​လိုက်​သော် ယေရှု​တစ်ပါးတည်း​သာ မိမိ​တို့​နှင့်အတူ​ရှိ​သည်​ကို​တွေ့မြင်​၍ အခြား​မည်သူ့​ကို​မျှ မ​တွေ့မြင်​ကြ​တော့​ချေ။
9ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်းလာ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​တွေ့မြင်​ခဲ့​ရ​သော​အရာ​များ​ကို လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။ 10သူ​တို့​သည်​လည်း ထို​စကား​ကို မှတ်သား​ထား​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ခြင်း​ဆိုသည်မှာ မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု အချင်းချင်း​ဆွေးနွေး​မေးမြန်း​ကြ​၏။ 11ထို့နောက် သူ​တို့​က “ဧလိယ​သည် ဦးစွာ​လာ​ရ​မည်​ဟု ကျမ်းပြု​ဆရာ​တို့​က အဘယ်ကြောင့်​ဆို​ကြ​သနည်း”​ဟူ၍ ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ 12ကိုယ်တော်​က​လည်း“ဧလိယ​သည် ဦးစွာ​လာ​၍ အရာ​ခပ်သိမ်း​တို့​ကို ပြန်လည်​ထူထောင်​မည်​မှန်​၏။ သို့ရာတွင် လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး ပစ်ပယ်​ခြင်း​ကို​ခံရ​မည်​ဟု ရေး​ထား​သည်​မှာ မည်သို့နည်း။ 13သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧလိယ​သည် ရောက်လာ​ခဲ့​ပြီ။ လူ​တို့​သည်​လည်း သူ​နှင့်​ပတ်သက်၍ ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း သူ့​အပေါ် ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ”​ဟု မိန့်​တော်မူ​၏။
နတ်ဆိုးကိုအောင်သောယုံကြည်ခြင်းတန်ခိုး
14ထို့နောက် သူ​တို့​သည် အခြား​တပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် တပည့်​တော်​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​၍ ကျမ်းပြု​ဆရာ​တို့​သည် သူ​တို့​နှင့်​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​တွေ့မြင်​ကြ​၏။ 15လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ကို​မြင်​သည်နှင့် အလွန်​အံ့သြ​လျက် ပြေး​လာ​၍ ကိုယ်တော်​ကို​နှုတ်ဆက်​ကြ​၏။
16ကိုယ်တော်​က​လည်း တပည့်​တော်​တို့​အား“သင်​တို့​သည် ထို​သူ​တို့​နှင့် မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေး​နေ​ကြ​သနည်း”​ဟု မေး​တော်မူ​၏။
17ထိုအခါ လူထု​ပရိသတ်​ထဲမှ​တစ်​ဦး​က “ဆရာ၊ ဆွံ့အ​သော​နတ်​ပူး​နေ​သည့် အကျွန်ုပ်​၏​သား​ကို ဆရာ့​ထံ​ခေါ်ဆောင်​လာ​ပါ​၏။ 18နတ်​သည် သူ့​ကို​ဖမ်းစား​သည့်​အခါ​တိုင်း သူ့​ကို​လှဲချ​၍ သူ​သည် ပါးစပ်​မှ​အမြှုပ်​ထွက်​ပြီး အံသွား​ကြိတ်​ကာ မာတောင့်​လာ​တတ်​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန် တောင်းပန်​သော်လည်း သူ​တို့​သည်​မ​တတ်နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။
19ကိုယ်တော်​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူ့​ကို​ငါ့​ထံသို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
20ထိုအခါ သူ​တို့​သည် သူငယ်​ကို အထံ​တော်​သို့​ခေါ်​ခဲ့​ကြ​ရာ ထို​နတ်​သည် ကိုယ်တော်​ကို​မြင်​လျှင် သူငယ်​ကို ချက်ချင်း​တက်​စေ​သဖြင့် သူငယ်​သည် မြေ​ပေါ်သို့​လဲကျ​ပြီး ပါးစပ်​မှ​အမြှုပ်​ထွက်​လျက် လူးလိမ့်​နေ​၏။ 21ကိုယ်တော်​က သူငယ်​၏​ဖခင်​အား“သူ​၌ ဤသို့​ဖြစ်​ခဲ့​သည်​မှာ မည်မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်မူ​ရာ ဖခင်​က “ငယ်စဉ်​ကတည်းက​ဖြစ်​ပါ​၏။ 22နတ်​သည် သူ့​ကို​သေ​စေရန် မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ပစ်ချ​တတ်​ပါ​၏။ သို့သော် ကိုယ်တော်​တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်​တို့​ကို​သနား​၍ ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 23ယေရှု​က​လည်း“တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။
24သူငယ်​၏​ဖခင်​က “အကျွန်ုပ်​ယုံကြည်​ပါ​၏။ အကျွန်ုပ်​၏​မ​ယုံကြည်​မှု​ကို ကူညီမစ​တော်မူ​ပါ”​ဟု ချက်ချင်း​အော်ဟစ်​လျက် လျှောက်ထား​လေ​၏။
25ယေရှု​သည် လူထု​ပရိသတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​လျက်“ဆွံ့အ​၍ နားပင်း​သော​နတ်၊ သင့်​အား ငါ​အမိန့်​ပေး​၏။ သူ့​အထဲမှ​ထွက်သွား​လော့။ နောက်တစ်ဖန် သူ့​အထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​၏။
26ထိုအခါ နတ်ဆိုး​သည် အော်ဟစ်​လျက် သူငယ်​ကို ပြင်းထန်​စွာ​တက်​စေ​ပြီးလျှင် ထွက်သွား​လေ​၏။ သူငယ်​သည် လူသေ​ကဲ့သို့​ဖြစ်​သွား​သဖြင့် လူ​အပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြောဆို​ကြ​၏။ 27သို့သော် ယေရှု​သည် သူငယ်​၏​လက်​ကို​ကိုင်​လျက် သူ့​ကို​ထူမ​တော်မူ​ရာ သူ​သည်​ထ​လေ​၏။
28ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​က “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု တိတ်တဆိတ်​မေးလျှောက်​ကြ​၏။ 29ကိုယ်တော်​က​လည်း“ထို​နတ်​မျိုး​ကို ဆုတောင်း​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မည်သည့်​နည်း​နှင့်​မျှ မ​နှင်ထုတ်​နိုင်”​ဟု မိန့်​တော်မူ​၏။
မိမိအသေခံမည့်အကြောင်း ဒုတိယအကြိမ် ကြိုတင်မိန့်တော်မူခြင်း
30သူ​တို့​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​ကို​ဖြတ်​သွား​ကြ​၏။ သို့သော် ကိုယ်တော်​သည် မည်သူ့​ကို​မျှ မ​သိ​စေ​လို​ချေ။ 31အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​က တပည့်​တော်​တို့​အား သွန်သင်​လျက်“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ သို့သော် အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​ကြာ​သောအခါ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။ 32တပည့်​တော်​တို့​သည် ထို​စကား​ကို နား​မ​လည်​ကြ​သော်လည်း ကိုယ်တော်​အား​မ​မေး​ဝံ့​ကြ​ချေ။
မည်သူသည်အကြီးမြတ်ဆုံးဖြစ်သနည်း
33ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ၌​ရှိ​တော်မူ​စဉ် ကိုယ်တော်​က တပည့်​တော်​တို့​အား“သင်​တို့​သည် လမ်း​၌ မည်သည့်​အကြောင်းအရာ​ကို အချေအတင်​ပြောဆို​လာ​ခဲ့​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ 34သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ အကြောင်းမှာ မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု လမ်း​၌ အချင်းချင်း​အချေအတင်​ပြောဆို​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။
35ထိုအခါ ကိုယ်တော်​သည်​ထိုင်​လျက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​ပြီးလျှင်“မည်သူမဆို ပထမ​ဦးဆုံး​ဖြစ်​လို​လျှင် အားလုံး​တွင် နောက်ဆုံး​ဖြစ်​ပြီး အားလုံး​၏​အစေခံ​ဖြစ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။
36ထို့နောက် ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌​ရပ်​စေ​ပြီးလျှင် သူ့​ကို​ပွေ့ချီ​ကာ 37“ဤသို့​သော​ကလေး​သူငယ်​များ​ထဲမှ တစ်စုံတစ်ဦး​ကို ငါ​၏​နာမ​၌​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။
ငါတို့ဘက်သားဖြစ်သူ
38ယောဟန်​က “ဆရာ၊ ဆရာ​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။ 39သို့သော် ယေရှု​က“သူ့​ကို​မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား ငါ​၏​နာမ​ဖြင့် တန်ခိုး​လက္ခဏာ​ကို​ပြု​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို​ပုတ်ခတ်​ပြောဆို​နိုင်​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ 40ငါ​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် ငါ​တို့​ဘက်သား​ဖြစ်​၏။ 41သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ခရစ်တော်​၏​တပည့်​ဟူသော​အမည်​နာမ​ကို​ထောက်၍ သင်​တို့​အား ရေ​တစ်​ခွက်​ကို​တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။
ယေရှု၏သတိပေးချက်များ
42 သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​ထဲသို့​ပစ်ချ​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။ 43သင်​၏​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​ငရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ 44[ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] 45သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ 46[ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] 47သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ 48ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။#မာ 9:44,46၊ ဟေရှာ 66:24။
49 လူ​တိုင်း​သည် မီး​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံရ​လိမ့်မည်။ 50ဆား​သည်​ကောင်း​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်သည့်​အရာ​ဖြင့် အရသာ​ပြန်​ရှိ​စေ​မည်နည်း။ သင်​တို့​သည် မိမိ​ကိုယ်တိုင်​၌ ဆား​ရှိ​စေ​၍ အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။