YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 3

3
လူသစ်၏အသက်တာ
1သို့ဖြစ်၍ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​ထမြောက်​ကြ​သည်​ဆိုလျှင် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​သော​ခရစ်တော်​ရှိ​ရာ အထက်​အရပ်​၌​ရှိ​သည့်​အရာ​များ​ကို ရှာဖွေ​ကြ​လော့။ 2မြေကြီး​ပေါ်၌​ရှိ​သော​အရာ​တို့​ကို မ​စွဲလမ်း​ဘဲ အထက်​အရပ်​၌​ရှိ​သော​အရာ​တို့​ကို စွဲလမ်း​ကြ​လော့။ 3အကြောင်းမှာ သင်​တို့​သည် သေဆုံး​ခဲ့​ပြီ​ဖြစ်၍ သင်​တို့​၏​အသက်​သည် ခရစ်တော်​နှင့်အတူ ဘုရားသခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။ 4သင်​တို့​၏​အသက်​ဖြစ်​သော​ခရစ်တော်​ထင်ရှား​တော်မူ​သောအခါ သင်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ ဘုန်း​အသရေ​၌​ထင်ရှား​ကြ​လိမ့်မည်။
5ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။ 6ထို​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။ 7သင်​တို့​သည်​လည်း ယခင်​က ထို​အရာ​တို့​၌ အသက်ရှင်​ကြ​စဉ် ထို​အရာ​တို့​ထဲတွင် ကျင်လည်​ခဲ့​ကြ​၏။ 8ယခု​မူကား သင်​တို့​သည် အမျက်ထွက်​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ မလိုတမာ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် သင်​တို့​၏​နှုတ်​မှ​ထွက်​သည့် ညစ်ညမ်း​ရိုင်းစိုင်း​သော​စကား စသည့်​အမှု​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။ 9အချင်းချင်း​မ​လိမ်ညာ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အကျင့်​များ​နှင့်အတူ​ချွတ်ပယ်​၍ 10ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ပုံသဏ္ဌာန်​နှင့်အညီ စစ်မှန်​သော​အသိပညာ​အားဖြင့် အသစ်​ပြုပြင်​ခြင်း​ခံရ​သော​လူ​သစ်​ကို ဝတ်ဆင်​ကြ​ပြီ​ဖြစ်​၏။ 11ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။
ခရစ်ယာန်အသက်တာ
12ထို့ကြောင့် သင်​တို့​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​များ၊ သန့်ရှင်း​သော​သူ​များ​နှင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အလျောက် ကြင်နာ​ခြင်း​နှင့်​ပြည့်ဝ​သည့်​သက်ညှာ​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် စိတ်ရှည်​သည်းခံ​ခြင်း​တို့​ကို ဝတ်ဆင်​ကြ​လော့။ 13အချင်းချင်း​သည်းခံ​၍ တစ်​ဦး​အပေါ်​တစ်​ဦး​အပြစ်တင်​စရာ​ရှိ​လျှင် သခင်​ဘုရား​သည် သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။ 14ဤ​အရာ​အားလုံး​တို့​အပေါ်၌ စုံလင်​ခြင်း​၏​နှောင်ကြိုး​ဖြစ်​သော ချစ်​ခြင်း​မေတ္တာ​ကို ဝတ်ဆင်​ကြ​လော့။
15သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​၏​ငြိမ်သက်​ခြင်း​ကို အုပ်စိုး​စေ​ကြ​လော့။ အကြောင်းမူကား သင်​တို့​သည် ဤ​ငြိမ်သက်​ခြင်း​အတွက် ကိုယ်ခန္ဓာ​တစ်​ခု​တည်း​ထဲသို့ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ ကျေးဇူး​သိ​တတ်​သော​စိတ်​ရှိ​ကြ​လော့။ 16ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။ 17သင်​တို့​ပြု​သမျှ​သော​အရာ​တို့​ကို​လည်း ပြောဆို​မှု​၌​ဖြစ်စေ၊ လုပ်ဆောင်​မှု​၌​ဖြစ်စေ အရာ​ခပ်သိမ်း​တို့​ကို သခင်​ယေရှု​၏​နာမ​တော်​၌​ပြု​လျက် ကိုယ်တော်​အားဖြင့် ခမည်းတော်​ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​လော့။
ခရစ်တော်၌ရှိသောမိသားစု
18ဇနီးသည်​တို့၊ သခင်​ဘုရား​၌​ရှိ​သော​သူ​နှင့်​သင့်လျော်​သည်​နှင့်အညီ ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ 19ခင်ပွန်းသည်​တို့၊ ဇနီးသည်​ကို ချစ်​ကြ​လော့။ သူ​တို့​အား ခါးခါးသီးသီး​မ​ဆက်ဆံ​ကြ​နှင့်။ 20သားသမီး​တို့၊ အရာရာ​၌ မိဘ​စကား​ကို​နားထောင်​ကြ​လော့။ အကြောင်းမူကား ဤ​အရာ​သည် သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​၏။ 21ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​စိတ်ဓာတ်​မ​ကျ​စေရန် သူ​တို့​ကို​စိတ်​နာကြည်း​အောင်​မ​လုပ်​ကြ​နှင့်။
22ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​၏​လောကီ​သခင်​များ​ကို အရာရာ​၌ နာခံ​ကြ​လော့။ မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ သခင်​ဘုရား​ကို​ကြောက်ရွံ့​လျက် ရိုးသား​သော​စိတ်နှလုံး​ဖြင့် နာခံ​ကြ​လော့။ 23သင်​တို့​လုပ်ဆောင်​သမျှ​သော​အရာ​ကို လူ​တို့​အတွက်​လုပ်ဆောင်​သကဲ့သို့​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​လုပ်ဆောင်​သကဲ့သို့ စိတ်နှလုံး​ပါ​လျက် လုပ်ဆောင်​ကြ​လော့။ 24သင်​တို့​သည် သခင်​ခရစ်တော်​ကို အစေခံ​ကြ​သည်​ဖြစ်၍ ဆုလာဘ်​အဖြစ်​အမွေ​တော်​ကို သခင်​ဘုရား​ထံမှ ရရှိ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ 25မတရားမှု​ပြု​သော​သူ​မူကား မိမိ​ပြု​သော​မတရားမှု​၏​အကျိုး​ကို ခံစားရ​လိမ့်မည်။ ဤတွင် မျက်နှာလိုက်​ခြင်း​မ​ရှိ။

လက်ရှိရွေးချယ်ထားမှု

ကောလောသဲဩဝါဒစာ 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။